ဇက်ကြောတက်တာ အမြန်ဆုံး သက်သာစေဖို့
ဇက်ကြောတက်တာကို အခုဘက် ခေတ်မှာ တော်တော်များများ ခံစားကြရပါတယ်။ ဖုန်းတွေ ကွန်ပျူတာတွေ အသုံးများတာကြောင့်လည်း ဇက်ကြောတက်တာကို ခံစားကြရသူ တစ်နေ့ထက် တစ်န့များနေတာပါ။ ဘယ်လောက်တောင် များသလဲဆိုရင်တော့ လူ ၃ ဦးမှာ ၁ ဦးလောက်ကို ခံစားနေကြရတာပါ။
ဒီလိုဇက်ကြောတက်တာက အချို့သူတွေမှာ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာသွားတတ်ပြီး အချို့သူတွေမှာတော့ ဒီနည်းလမ်းတွေနဲ့ မသက်သာကြပါဘူး။ ဒီလို အခြေအနေတွေမှာဆိုရင်တော့ ဆရာဝန်ကို ပြသဖို့ လိုပါမယ်။
ဇက်ကြောတက်ခြင်း အမြန်ဆုံး သက်သာစေဖို့ရာ
ဇက်ကြောတက်တာက ထိခိုက်မိတာကြောင့် မဟုတ်ဘူး။ နာတာရှည်ပြဿနာ မဟုတ်ဘူးဆိုရင်တော့ ဇက်ကြောတက်တာ အမြန်ဆုံး သက်သာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပေးလို့ ရပါတယ်။
ပုံစံတစ်မျိုးတည်းမှာ အကြာကြီး မနေပါနဲ့ - ပုံစံ တစ်မျိုးတည်းမှာ အကြာကြီး နေတာ၊ ပုံစံမှန်မှန် မနေတာက ဇက်ကြောတက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ပုံစံ မှန်မှန် မနေတာက ကြွက်သားတွေကို အားနည်းစေပြီး ဇက်တဝိုက်က အဆစ်တွေကို ဒဏ်ဖြစ်စေပါတယ်။ ဒီအခြေအနေကို သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ နာတာရှည်ပြဿနာ ဖြစ်သွားနိုင်ပါတယ်။
ပုံစံမှန်မှန်နဲ့ ကွန်ပျူတာ သုံးပါ - ကွန်ပျူတာ အသုံးပြုမှုက တစ်နေ့တာမှာ မပါမဖြစ် ပါဝင်နေတယ်ဆိုရင်တော့ ကွန်ပျူတာ သုံးတဲ့အခါ ပုံစံမှန်မှန်လေး သုံးဖို့ လိုပါမယ်။ ဒါမှလည်း ဇက်ကြောတက်တာကို ကာကွယ်ရာရောက်မှာ ဖြစ်သလို ဇက်ကြောတက်တာကို သက်သာစေမှာပါ။
မျက်မှန်ပါဝါ ပုံမှန် စစ်ပါ - မျက်မှန် ပါဝါမကိုက်တာကလည်း ဇက်ကြောတက်စေနိုင်ပါတယ်။ ဒါကြောင့် ဇက်ကြောတက်လာပြီဆိုရင် မျက်မှန်ပါဝါစစ်တာကိုမေ့ထားလို့ မရပါဘူး။ ဒါကြောင့် မျက်မှန်က ကြည့်မကောင်းဘူး ယူဆတယ်ဆိုရင်တော့ မျက်မှန်ပါဝါ စစ်ပေးပါ။
ခေါင်းအုံးတွေကို ဆင့်ပြီး မအိပ်ပါနဲ့ - ဇက်ကြောတက်မှာစိုးပြီး ခေါင်းအုံးတွေကို တစ်လုံးမက ထပ်အိပ်တာက မသက်သာစေဘဲ ဇက်ကြောတက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးကို တစ်လုံးထဲနဲ့ပဲ အိပ်ပါ။
အိပ်ရေးဝဝလေး အိပ်ပါ - အိပ်ရေးဝဝ အိပ်တာက အမျိုးမျိုးသော ကျန်းမာရေးပြဿနာကို ပြေလည်စေနိုင် ပါတယ်။ ဒါကြောင့် ဇက်ကြောတက်လာပြီဆိုရင်တော့ အိပ်ရေးဝဝလေး အိပ်လိုက်ပါ။
ခပ်ဖွဖွလေး နှိပ်ပေးပါ - ဇက်ကြောကို လက်ချောင်းလေးတွေနဲ့ အသာအယာ ခပ်ဖွဖွလေး နှိပ်ပေးတာက ဇက်ကြောက ကြွက်သားတွေဆီကို သွေးစီးဆင်းမှု ကောင်းစေပြီး ဇက်ကြောတက်တာကို သက်သာစေနိုင်ပါတယ်။
ရေနွေးဝတ် ကပ်ပေးပါ - ရေနွေးဝတ်လေး ဇက်ကြောတဝိုက်ကို ကပ်ပေးတာက ဇက်ကြောမှာ နာကျင်မှုတွေ တောင့်တင်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဇက်ကြောတက်လာပြီဆိုရင်တော့ ရေနွေးဝတ် ကပ်ပေးပါ။
ဆေးလိမ်းပါ - နောက်ထပ် နည်းလမ်း တစ်ခုကတော့ နာကျင်တောင့်တင်းနေတဲ့ နေရာတဝိုက်ကို ဆေးပူလေး လိမ်းပေးတာကလည်း ဇက်ကြောတက်တာကို သက်သာစေနိုင်ပါတယ်။
ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်ဆုံး နည်းလမ်းပါ။ လိုအပ်ရင် ဆေးသောက်တာမျိုး လုပ်ပေးပါ။
မွန်မွန်